ကိုယ့်ကိုကိုယ် မုန်းမိတဲ့အခါ ဘာလုပ်ကြမလဲ
တစ်ခါတစ်ရံ"ငါ့ကို ငါမုန်းလိုက်တာ" ဆိုတဲ့ အတွေးတွေဝင်ဖူးကြမှာပါ။ ဒီခံစားချက်ဟာ အလွန် စိတ်တိုစရာကောင်းပါတယ်။ ကိုယ့်ကိုကိုယ် မုန်းမိတဲ့အခါ ဘဝမှာ ရရှိသင့်တဲ့ ဖြစ်မြောက်အောင်မြင်မှုတွေကို ကန့်သတ်ရာရောက်သလို စိတ်ထဲမှာ အားမလိုအားမရနဲ့ စိုးရိမ်ပူပန်တာတွေ၊ စိတ်ဓာတ်ကျတာတွေ ပိုဆိုးစေပါတယ်။
မိမိကိုယ်ကို မုန်းနေတယ်လို့ ယူဆရတဲ့ လက္ခဏာတွေဟာ
၁။ All-or-nothing တွေးခြင်း
ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ဘဝကို အကောင်းနဲ့ အဆိုးနှစ်မျိုးပဲ သတ်မှတ်ထားလေ့ရှိတယ်။ ဆိုလိုတာက အမှားတစ်ခု လုပ်မိတဲ့အခါ "အရာအားလုံး ပျက်စီးသွားပြီ"၊ "အကြီးအကျယ် ဆုံးရှုံးသွားပြီ" စသည်ဖြင့်ပဲ တွေးတယ်။ "နောက်တစ်ခါ ဒါ့ထက်ကောင်းအောင်လုပ်မယ်"၊ "သင်ခန်းစာယူမယ်"ဆိုကာ ဖြည့်တွေးတဲ့စိတ်ကူးမျိုး ရှိမနေတတ်ပါ။
၂။ အဆိုးကိုပဲ အာရုံစိုက်ခြင်း
ကိုယ့်မှာ ကောင်းမွန်တဲ့နေ့တစ်နေ့ကို ပိုင်ဆိုင်နေရတဲ့တိုင် မကောင်းတဲ့ ဖြစ်ရပ်သေးသေးတွေ၊ မှားယွင်းတဲ့အရာတွေကိုပဲ လိုက်လံ အာရုံစိုက်နေတတ်တယ်။
၃။ ခံစားချက်ကို ရှေ့တန်းတင်ခြင်း
ကိုယ့်ရဲ့ခံစားချက်ကို အချက်အလက်အဖြစ် သတ်မှတ်ပါတော့တယ်။ "မကောင်းဘူး၊ ကျရှုံးမလား မသိ" ဆိုတဲ့ စိတ်ထင်တစ်ခုနဲ့ အခြေအနေရဲ့ တကယ့်အဖြစ်မှန်ကို "မကောင်းဘူး"ဟု တထစ်ချ သတ်မှတ်ပါတော့တယ်။
၄။ မိမိကိုယ်ကို ယုံကြည်မှုနည်းလာခြင်း
နေ့စဉ်ဘဝမှာ မိမိကိုယ်ကို သူများတွေနဲ့ နှိုင်းယှဉ်တိုင်းထွာကာ သိမ်ငယ်စိတ်တွေ ဝင်လာပါတယ်။
၅။ ထောက်ခံမှုကို ရှာဖွေခြင်း
ကိုယ့်ရဲ့ ထိုက်တန်မှုကို သူများထံမှ တောက်လျောက် ရှာဖွေနေမိပါတယ်။ ကိုယ့်ကိုကို်ယ်ရဲ့ ထင်မြင်ချက်ဟာ သူများတွေ ကိုယ့်အပေါ်အမြင်၊ သူများတွေ တန်ဖိုးဖြတ်တာကိုပဲ မူတည်နေပါတယ်။
၆။ ဝင်ဆံ့ဖို့ ကြိုးစားခြင်း
မိမိကိုယ်ကို အမြဲတမ်း အပယ်ခံလိုတွေးနေတတ်ပြီး ဝင်ရောပေမဲ့လူတွေက ကိုယ့်ကို မကြိုက်ဘူး၊ နားလည်မပေးဘူး လို့ ထင်နေတတ်ပါတယ်။
၇။ ကိုယ့်ဘာကို ဝေဖန်ခြင်း
သူတစ်ပါးက ဝေဖန်အကြံပေးရင် ကိုယ့်ကို စော်ကားတိုက်ခိုက်တယ်လို့ထင်ကာ အချိန်အကြာကြီး စဉ်းစားနေမိတတ်ပါတယ်။
ဒါ့အပြင် မနာလိုဝန်တိုစိတ်များတာ၊ မိမိရဲ့ သူငယ်ချင်းတွေ၊ မိမိကို စိတ်ဝင်စားသူတွေကို ရှောင်ဖယ်တာ၊ မိမိကိုယ်ကို ဖိအားပေးမိတာ၊ မျှော်လင့်ချက်ပန်းတိုင်တွေကို ကြီးကြီးမားမား မမျှော်မှန်းရဲတာ စတာတွေလည်း ခံစားနေရပါတယ်။
၈။ မိမိကိုယ့်ကို မုန်းသွားစေတဲ့ ကြောင်းအရင်းများ
- မကောင်းတဲ့ ကြားယောင်နေတတ်တဲ့ အတွေးများ
- ကလေးဘဝ အတွေ့အကြုံများ (ဥပမာ စိတ်တိုလွယ်တဲ့ မိဘများ၊ အဝေဖန်ခံ၊ အနိုင်ကျင့်ခံရမှုများ)
- ဆိုးဝါးတဲ့ ဆက်ဆံရေးများ (ဥပမာ အလုပ်ရှင်နဲ့ ဝန်ထမ်းကြား၊ သူငယ်ချင်းကြား)
- အနိုင်ကျင့်အကြမ်းဖက်ခံရမှုများ (အလုပ်မှာ၊ ကျောင်းမှာ)
- ဘဝနဲ့ဆိုင်တဲ့ အကြီးအကျယ် စိတ်ထိခိုက်စေတဲ့ ဖြစ်ရပ်များ (ဥပမာ ကားတိုက်မှု)
- ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှု
- စိတ်ကျန်းမာရေးအခြေအနေများ
၉။ မိမိကိုယ်ကို မုန်းနေတာကို ဘယ်လိုဖြေရှင်းကြမလဲ?
- Journaling လုပ်ကြည့်ပါ။ တစ်နေ့တာမှာ ဘာဖြစ်ခဲ့တယ်၊ ဘာတွေခံစားရတယ်၊ ဘယ်လိုအခြေအနေတွေမှာ ဘယ်လိုစိတ်အခြေအနေကို ဖြစ်ပေါ်သွားတယ် စတဲ့အကြောင်းအရာတွေကို ရေးမှတ်ကာ ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ပါ။ စိတ်ဖိစီးမှု လျော့နည်းလာတာ တွေ့ရပါလိမ့်မယ်။
- မိမိကို အပြုသဘောဆောင်စေတဲ့၊ စိတ်သက်သာချမ်းမြေ့စေတဲ့လူတွေနဲ့သာ အချိန်ကုန်ဆုံးပါ။ မရှိရင် စိတ်ဓာတ်မြှင့်တင်ပေးတဲ့၊ အဖွဲ့အစည်းတွေကို ဆက်သွယ်ကြည့်ပါ။ အသင်းဝင်ပါ။
- တရားထိုင်ပါ။
- တက်ကျွမ်းတဲ့ စိတ်ပညာရှင်တွေနဲ့ ဆွေးနွေးအဖြေရှာကြည့်ပါ။
- မိမိကိုယ်ကို ဂရုစိုက်ပါ။ ကောင်းကောင်းစားပါ။ ကောင်းကောင်းအိပ်ပါ။ social media နဲ့ screentime လျှော့ပါ။ သဘာဝတရားရဲ့ အလှအပတွေ (စိမ်းစိုသာယာတဲ့ ပတ်ဝန်းကျင်) ကို ခံစားကြည့်ပါ။
- မိမိလိုချင်တဲ့ဘဝအခြေအနေကို ခြေလှမ်းသေးသေးတွေနဲ့၊ အမှားတွေကြား ပြင်ဆင်ရင်း ကောင်းသထက်ကောင်းအောင် ကြိုးစားသွားပါ။
ကိုယ့်ကိုကိုယ် မုန်းနေတာနဲ့ပဲ ရုန်းကန်နေရတာ ကိုယ်တစ်ယောက်တည်းလို့ မထင်ပါနဲ့။ အမှန်က လူတော်တော်များများ ကိုယ့်လိုပဲ တွေးနေမိတတ်ကြပါတယ်။ မိမိရဲ့ဘဝကို ကိုယ့်ကိုကိုယ် မုန်းနေရင်းနဲ့ပဲ ရှင်သန်သွားစရာ အကြောင်း မရှိပါ။ ဒီနေ့ကစပြီး မကောင်းတဲ့အတွေးတွေ ဖျောက်ပစ်ပြီး ပိုမိုပေါ့ပါးကောင်းမွန်တဲ့ ဘဝကို နေထိုင်ဖို့ ပထမခြေလှမ်းစတင်လိုက်ကြရအောင်။
ရေးသားသူ - Dr. May Myat Tun